ပူတာအို စက်တင်ဘာ ၂၆
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြည်သူများ သွားလာနေထိုင်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေး အသံချဲ့စက်ဖြင့်နှိုးဆော်ခြင်းကို စက်တင်ဘာ (၂၃)ရက်နေ့ နံနက်(၇)နာရီက ပူတာအိုမြို့ မြို့မရပ်ကွက်ရှိ မြို့မဈေးနှင့် နံနက်ခင်းဈေး၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်၏ ဦးဆောင်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ ထွေအုပ်ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား(၃၀) ဦးခန့်က မြို့မဈေးနှင့် နံနက်ခင်းဈေးတွင် ဈေးရောင်း ဈေးဝယ်ပြည်သူ များနှင့် လမ်းသွားလမ်းလာပြည်သူများကို Mask များ ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေး အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး တေးသီချင်းများ ဖွင့်လှစ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)