ပူတာအိုမြို့ အမက(ကောင်ကထောင်)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကွင်းဆင်းဆောင်ရွက်

ပူတာအို စက်တင်ဘာ ၂၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကောင်ကထောင်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတို့ ပူးပေါင်းမှုဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို စက်တင်ဘာလ(၂၂)ရက်နေ့ မွန်းလွဲ (၂)နာရီက အဆိုပါ ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်က နယ်လှည့် စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာဖတ်ခြင်း ၏ အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောပြီး ကျောင်းသူ၊ ကျောင်းသားများအား တိုင်းရင်းသားပုံပြင် (၁၀၀)အုပ်ကို တစ်ဦးလျှင်တစ်အုပ်နှုန်းဖြင့် ငှားရမ်းဖတ်ရှုစေကာ ကျောင်းသူ၊ ကျောင်းသားများက မိမိဖတ်ရှု သည့် စာအုပ်ပါအကြောင်းအရာများဖြင့် ဖတ်၊ မှတ်စွမ်းရည် တစ်ဦးချင်း ယှဉ်ပြိုင်ခဲ့ကြသည်။ ဖတ်၊ မှတ်စွမ်းရည် ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ “ဒီကလေးတွေဟာ အနာဂတ်မှာ ခေါင်းဆောင်တွေဖြစ်လာမယ့် ကလေးတွေဖြစ်တဲ့အတွက် အများရှေ့မှောက်မှာ ပြောရဲ ဆိုရဲတဲ့သတ္တိရှိလာအောင် လေ့ကျင့်ပေးရခြင်းဖြစ်ပါ တယ်” ဟု ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်က ပြောသည်။                   

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံ လွှာများ၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုအသိပညာပေး နံရံကပ်စာစောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အေးချမ်းသာယာပြည်မြန်မာ ဓာတ်ပုံပြိုင်ပွဲဆုရ မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသထားရှိမှုများကို ကျောင်းသူ၊ ကျောင်းသားများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရ သည်။

ဖုန်ကန်(ပူတာအို)