တောင်ဥက္ကလာပမြို့နယ် ကျက်သရေဆောင်၊ ဥက္ကလာပစေတီတော်နှင့် အရံစေတီရှစ်ဆူတို့အား ရွှေသင်္ကန်း ကပ်လှူပူဇော်ရန်အတွက် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား မဟာမုနိဓမ္မာရုံသို့ ပင့်ဆောင်ခြင်းအခမ်းအနားကျင်းပ

တောင်ဥက္ကလာပ စက်တင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ကျက်သရေဆောင် ဥက္ကလာပ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို (၂၀၁၇)ခုနှစ်က စတုတ္ထအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ရာ (၅)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည့် အတွက် စေတီတော်နှင့် အရံစေတီရှစ်ဆူတို့အား ပဉ္စမအကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူရာတွင် ပြုပြင်မွမ်းမံရန်အတွက် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား မဟာမုနိဓမ္မာရုံသို့ ပင့်ဆောင်ခြင်း အခမ်းအနားကို ယနေ့နံနက် (၈:၄၄)အချိန်က  ဥက္ကလာပ စေတီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဥက္ကလာပစေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ရင်ပြင်တော်ပေါ်သို့ ပင့်ဆောင်၍ ရောင်တော်ဖွင့်ခြင်း၊ အမွှေးနံ့သာရည်များဖြင့် ပူဇော်ခြင်းများ ဆောင်ရွက်ကြပြီး မင်္ဂလာအချိန် (၈:၄၄)မှစ၍ မင်္ဂလာဝေါယာဉ်ဖြင့် တင်ဆောင်ကာ စေတီတော်ကြီးအား လက်ယာရစ်သုံးကြိမ် လှည့်လည် အပူဇော်ခံကြကြောင်းသိရသည်။

ထိုသို့လှည့်လည် အပူဇော်ခံရာတွင် စိန်ဖူးတော်ကို သင်္ဃန်းကျွန်းခရိုင် စီမံအုပ်‌ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်မှလည်းကောင်း၊ ငှက်မြတ်နားတော်ကို မြို့နယ်စီမံအုပ်‌ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးမှ လည်းကောင်း မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်ခဲ့ပြီး ရတနာ ပေရွက်အိတ်ကို မြို့နယ်စီမံအုပ်‌ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးဝဏ္ဏထွန်းမှလည်းကောင်း၊ စိန်ဖူးတော်အကာကို မြို့နယ်ရဲတပ်ဖွဲ့မှလည်းကောင်း၊ ထီးဖြူနှင့် ဆွဲလွဲပဒေသာတို့ကို စေတီတော်ဂေါပကဥက္ကဋ္ဌနှင့် အဖွဲဝင်များမှလည်းကောင်း အသီးသီးပင့်ဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဓမ္မစကြာအသင်း၊ ရဟန်းရှင်လူ မိဘပြည်သူများနှင့် ရှမ်းအိုးစည်အဖွဲ့တို့၏ သီဆို၊ တီးမှုတ်ခြင်းများနှင့်အတူ စည်းကား သိုက်မြိုက်စွာ လှည့်လည်ကြကာ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ ယာယီအပူဇော်ခံ ထားရှိမည့် မဟာမုနိဓမ္မာရုံသို့ ပင့်ဆောင်ကာ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

စိုးဝဏ္ဏထွန်း(ပြန်/ဆက်)