ဟိုပုံးမြို့နယ်၌ နှာခေါင်းစည်း တပ်ဆင်သွားလာရေး လှုပ်ရှားမှုဆောင်ရွက်

ဟိုပုံး စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်ကြက်ခြေနီအသင်းမှ အသိပညာပေး လုပ်ငန်းဆောင်ရွက်ပြီး နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုကို စက်တင်ဘာ၂ရက်နံနက် ၈ နာရီအချိန်က မြို့မစျေး၌ အခမဲ့ ဖြန့်ဝေခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များကဟိုပုံးစျေးနေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက် ရောင်းချသူများနှင့် စျေးဝယ်သူများ ဒေသခံပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး အတွက် နေအိမ်တွင်သာနေထိုင်ကြရန်၊ နေအိမ် ပြင်ထွက်ရပါကနှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ကြရန်နှင့် လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောရန အသိပညာပေးပြောကြားခဲ့ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့သည့် တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဗီနိုင်းနှင့် ပိုစတာများကို လူစည်းရာနေရာများဖြစ်သည့် ကားဂိတ်၊ စျေး၊ လက်ဖက်ရည်ဆိုင်၊ စတိုးဆိုင်များတွင် ပိုစတာကပ်၍ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မအိ(ဟိုပုံး)