မော်လမြိုင် စက်တင်ဘာ ၂၅
မွန်ပြည်နယ်အတွင်း အခြေခံပညာအဆင့် စာသင်ကျောင်းများမှာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်များအသီးသီးတွင် ကျောင်းပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ စင်တင်ဘာလ ၂၄ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၆) အခြေခံပညာ အလယ်တန်းကျောင်း၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အများပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အမှတ်(၆) အခြေခံပညာ အလယ်တန်းကျောင်း၀န်းအတွင်းရှိ ခြုံနွယ်များနှင့် မြက်များ ရှင်းလင်းခြင်း၊ တံမြက်စည်းလှည်းခြင်း၊ အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေး ဆောင်ရွက်ခြင်းဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှု အခြေအနေအား ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းပရိဝဏ် အတွင်းအပြင် သန့်ရှင်း သာယာလှပစေရေး အလေးထားဆောင်ရွက်ကြရန်၊ ကျောင်းသူ၊ ကျောင်းသားများ ကျန်းမာရေးနှင့် ညီညွတ်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းအကျိုးပြုလုပ်ငန်းများကို အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ မြိုင်သာယာဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်သည့် Mask များ အခမဲ့ဝေငှခြင်း အစီအစဉ် Mask Campaign ပြုလုပ်ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။