မိုးညှင်း စက်တင်ဘာ ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် အသစ်ခန့်ထားသော နည်းပြ၊ သရုပ်ပြဆရာ ဆရာမများ၏ မိုးရာသီအမှတ်တရ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၉)နာရီခွဲက တက္ကသိုလ်ကျောင်းဝင်းအတွင်း၌ အရိပ်ရနှစ်ရှည်ပင်(၁၀၈)ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါနှစ်ရှည်ပျိုးပင်များစိုက်ပျိုးရာတွင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက သစ်တောသယံဇာတများ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ သဘာဝပတ်ဝန်းကျင်များ စိမ်းလမ်းစိုပြေစေရန်၊ ကျောင်းဝင်းအတွင်း ကျောင်းသားကျောင်းသူများ အပန်းဖြေနိုင်စေရန်၊ လေကောင်းလေသန့်များရရှိစေရန်နှင့် မိုးညှင်းတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခွင့်ရသည့် နည်းပြ၊ သရုပ်ပြအသစ်များအတွက် အမှတ်တရအဖြစ် စိုက်ပျိုးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ အတွင်းရေးမှူးဒုတိယရဲမှူးကြီးသိန်းထွန်း၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ၊ ဌာနမှူးများက နည်းပြ၊ သရုပ်ပြဆရာဆရာအသစ်များအား စိုက်ပျိုးမည့်ပျိုးပင်များကို အသီးသီးပေးအပ်ကြပြီး ကျွန်း(၃၅)ပင်၊ ကံ့ကော်(၃၅)ပင်၊ ရင်းမာပင်(၂၄)ပင်နှင့် ပျဉ်းကတိုး(၁၄)ပင် စုစုပေါင်းပျိုးပင်(၁၀၈)ပင်ကို သတ်မှတ်နေရာများအသီးသီးတွင် တပျော်တပါးစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဇွဲသူရအောင်(မိုးညှင်း)