စစ်တွေ စက်တင်ဘာ ၂၅
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ အမှတ်(၄)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့အောက်ရှိ ရဲတပ်ရင်း၊ တပ်ဖွဲ့များမှ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခုတင်(၅၀၀) ဆံ့အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ အမှတ်(၄)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊ ကွပ်ကဲ ရဲမှူး၊ ရဲမှူးချုပ် ဝင်းဗိုလ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့်အစိုးရအဖွဲ့ဝင်များသည် သွေးလှူဒါန်းကြမည့် ရဲတပ်ဖွဲ့ဝင်များအား ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံးကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်လွင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အလေးချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြင်းနှင့် သွေးလှူဒါန်းရန်လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ရဲတပ်ဖွဲ့ဝင်၊ တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြပြီး သွေးလှူဒါန်းကြသည့် တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား အာဟာရဖြည့် စွက်စာများ ထောက်ပံ့ပေးအပ်ကြသည်။ အလားတူ အမှတ်(၄)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့၊ ကွပ်ကဲရဲမှူး၊ ရဲမှူးချုပ် ဝင်းဗိုလ်နှင့်ဇနီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်လွင်နှင့် ကျန်းမာရေး ဝန်ထမ်းများကလည်း သွေးလှူဒါန်းကြသူများကို အားဖြည့် အစားအစာများ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
အဆိုပါ သွေးလှူဒါန်းပွဲတွင် အမှတ်(၄)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ အခြားအဆင့်နှင့် တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ စုစုပေါင်း (၈၉) ဦးတို့က သွေးအမျိုးအစား မျိုးစုံ (၈၉) လုံးကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)