ညောင်ဦးမြို့ ပြည်သူများအတွက် အမှတ် ၄၁၅ ခြေမြန်တပ်ရင်းမှ စားသောက်ကုန်များ အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ညောင်ဦး  စက်တင်ဘာ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပြည်သူများအတွက် ညောင်ဦးမြို့နယ်၊ အမှတ်(၄၁၅) ခြေမြန်တပ်ရင်းမိသားစုမှ စားသောက်ကုန် ပစ္စည်းများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က အမှတ်(၃) ရပ်ကွက် မဏိစည်သူဈေး၊ ဈေးခေါင်းရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဈေးရောင်းချပေးရာတွင် ညောင်ဦးမြို့ အမှတ်(၄၁၅) ခြေမြန်တပ်ရင်း မိသားစုများ၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(၃)မိသားစုများမှ ဆန်တစ်ပြည်၊ ဆီတစ်ပိဿာ၊ ကြက်တစ်ကောင်၊ ကြက်ဥငါးလုံး၊ ကြက်သွန်နီ ငါးဆယ်သား၊ ဆား ငါးဆယ်သား၊ ကန်စွန်းရွက် တစ်စီး၊ ချဉ်ပေါင်ရွက်တစ်စီး စသည့် မီးဖိုချောင်သုံး အခြေခံ စားသောက်ကုန်များအား ပစ္စည်း(၈)မျိုးကို (၁၅၈၀၀)ကျပ်နှုန်းဖြင့် ပြည်သူ(၁၅၀)ဦးအား ရောင်းချပေးသည့်အပြင် ညောင်ဦးခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများ အသင်းမှလည်း ညောင်ဦးခရိုင် စားသုံးသူရေးရာ ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စားအုံးဆီများကို တစ်ပိဿာ ၅၂၀၀ ကျပ်ဖြင့် ဆီပိဿာချိန် ၆၆၀ ရောင်းချပေးခြင်း၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မိသားစုမှလည်း ဆန်တစ်ပြည်၊ ကြက်ဥငါးလုံး၊ ဆား ငါးဆယ်သား၊ ကြက်သွန်နီ ငါးဆယ်သားတို့ အား ၄၅၀၀ ကျပ်ဖြင့် ၃၅၀ ဦးစာ ရောင်းချပေးခဲ့ရာ ပြည်သူများ ဝယ်ယူခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဈေးနှုန်းသက်သာသော စားသောက်ကုန်များ ရောင်းချပေးရာသို့ ညောင်ဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်း၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် စီမံအဖွဲ့ဝင်များ၊ အမှတ်(၄၁၅)မှ တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးတို့မှ လာရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ