ရန်ကုန် စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ဖြစ်ပေါ်နေခဲ့ရာ အဆိုပါပိုးတွေ့လူနာ များနှင့် ထိတွေ့ဆက်ဆံမှုရှိခဲ့သူများကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီက မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားခြင်းများ မဖြစ်ပေါ်စေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် မိမိတို့ နေအိမ်များတွင် Lock Down အသွားအလာကန့်သတ်ထားရှိ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အသွားအလာကန့်သတ်ထားသည့် သမိန်ဗရမ်းလမ်းနှင့် ဓမ္မဒါနလမ်းထောင့်ရှိ တိုက်(၄၄)နှင့် အာသောကလမ်းရှိ တိုက်(၂၅)တို့ မှ လူဦးရေ စုစုပေါင်း (၉၀)ဦးအတွက် နံနက်စာ၊ နေ့လယ်စာနှင့် ညနေစာ စားသောက်ဖွယ်ရာများနှင့် ရေသန့်ဘူးများကို " ကိုကြီးနှင့် ညီအစ်ကို မောင်နှမများ ပရဟိတအဖွဲ့(Team KG)"မှ ယမန်နေ့က သွားရောက်လှူဒါန်းပေးခဲ့သည့်အပြင် "တော်ဝင်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း" မှ လှူဒါန်း သည့် ငါးသေတ္တာ၊ ကော်ဖီမစ် အထုပ်ကြီး၊ ခေါက်ဆွဲခြောက်ထုပ်၊ ကိတ်မုန့်နှင့် စားစရာမုန့်တို့ကိုလည်း ထပ်ဆင့်ပေးအပ်လှူဒါန်းရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
မို့မို့အောင်