ခရမ်းမြို့အဝင် အထွက်စစ်ဆေး‌ရေးဂိတ်တွင် အလိုအလျောက် အပူချိန်တိုင်းစက်ဖြင့် စစ်ဆေး

ခရမ်း  စက်တင်ဘာ  ၁၆

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ၊ ခရမ်းမြို့ အဝင်အထွက်  စုပေါင်းစစ်ဆေးရေးဂိတ်တွင် အလိုအလျောက် အပူချိန်တိုင်းစက် တပ်ဆင်စစ်ဆေးခြင်းဖြင့် ခရမ်းမြို့သို့ ဝင်ရောက်လာသည့်  ခရီးသွားပြည်သူများအား နေ့စဉ်ကိုဗစ်- ၁၉ ရောဂါကြိုတင် ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း ခရမ်းမြို့နယ်ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ (မြိုနယ်အုပ်ချုပ်ရေးမှူး) ဦးမင်းဆန်းထွန်းထံမှ  သိရသည်။

ခရမ်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက  ဦးဆောင်ကာ ပဲခူးတိုင်း မြို့နယ်များဘက်မှ ဝင်ရောက်လာသူများအား  ရန်ကုန်တိုင်း အစပ် ခရမ်းမြို့အဝင် စုပေါင်းစစ်ဆေးရေး ဂိတ်တွင် အလိုအလျောက် အပူချိန်တိုင်းစက် တစ်လုံးတပ်ဆင်စစ်ဆေးနေပြီး အဆိုပါ အလိုအလျောက် အပူချိန်တိုင်းစက်တပ်ဆင် အသုံးပြုခြင်းဖြင့်  လုံခြုံရေးကင်မရာရှေ့ ဝင်ရောက်သွားရုံဖြင့် စောင့်ကြည့် တီဗွီပေါ်တွင် အပူချိန် အလိုအလျောက်တိုင်းပြီးသားဖြစ်ကာ ပုံရိပ်ဖမ်းယူထားရှိ မှတ်တမ်းတင် ထားကြောင်း၊ ခရမ်းမြို့သို့ ဝင်ရောက်လာသည့် ကားများ၊ သုံးဘီးဆိုင်ကယ်များ၊  ဆိုင်ကယ်များကို  နံပါတ်မှတ်တမ်းယူထားခြင်း၊ တယ်လီဖုန်းနံပါတ်မှတ်တမ်း ယူခြင်းနှင့် လာရောက်သည့် နေရပ်လိပ်စာ မှတ်တမ်းထားခြင်းများကို မြို့နယ်ကျန်းမာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ  လူမှုကူညီရေးအဖွဲ့ဝင်များ၊မီးသက် ၊မြို့နယ်ယာဉ်ထိန်း တပ်ဖွဲ့ဝင်များက တာဝန်ကျနေ့ရက်များတွင် စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုမင်း(ခရမ်း )