ဆွမ်ပရာဘွမ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် Mask Campaign အရှိန်မြှင့်တင်ဆောင်ရွက်

ဆွမ်ပရာဘွမ် စက်တင်ဘာ ၂၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆွမ်ပရာဘွမ်မြို့နယ် ယာဉ်ကြီးယာဉ်ငယ်နှင့် ဖြတ်သွားဖြတ်လာသူများအား ယနေ့နံနက် ၁၁နာရီခွဲချိန်က ကဘရန်ခူးရပ်ကွက်၌ Mask Campaign လုပ်ငန်းဆောင်ရွက်သည်။

ထိုသို့လုပ်ငန်းဆောင်ရွက်ရာ၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများက ဦးဆောင်ကာ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပြီး ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စုပေါင်းဂိတ်ရှေ့ဖြတ်သွားဖြတ်လာကြသော ယာဉ်ကြီးယာဉ်ငယ်နှင့်သွားလာကြသော မိဘပြည်သူများအားကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်းနှင့် Mask Campaign လုပ်ငန်းဆောင်ရွက်သည်။ ထို့နောက်ယာဉ်ကြီးယာဉ်ငယ်အတွင်း လိုက်ပါကြသူခရီးသည်များနှင့် ဖြတ်သွားဖြတ်လာသော မိဘပြည်သူများအား Maskကို စနစ်တကျတပ်ဆင်စေသည်။

အဆိုပါ Mask Campaign လုပ်ငန်းဆောင်ရွက်ရာ၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောက်ရှောက်ရေးအဖွဲ့များနှင့် ရပ်/ကျေးစာရေးများ ပါဝင်ဆောင်ရွက်သည်။

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)