ဆဒုံးမြို့၌ သစ်ကြားသီးအထွက်နှုန်းကျဆင်းသော်လည်း စျေးကောင်းရရှိ

ဆဒုံး စက်တင်ဘာ ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် သစ်ကြားသီးအထွက်နှုန်းကျဆင်းသော်လည်း ဈေးကောင်းရရှိ၍ အကျိုးအမြတ်ရရှိကြောင်း ဒေသထွက်ကုန်စျေးကွက်များမှ သိရသည်။

သစ်ကြားပင်သည် နှစ်ရှည်အသီးစားပင်ဖြစ်ကာ ပင်သက်  (၂၀) နှစ်ခန့်မှ အသီးထွက်နှုန်း‌ကောင်းပြီး တစ်ပင်နှင့် တစ်ပင် (၅၀) ပေကွာစိုက်ပျိူးရသည့်အတွက် သီးညှပ်ဖြစ်သော အခြားရာသီ သီးနှံများကိုလည်း စိုက်ပျိုးနိုင်‌ကြောင်းနှင့် သစ်ကြားသီးသည့် ကျန်းမာရေးအတွက်စားသုံးသင့်‌သော အခွံမာအသီးဖြစ်ပြီး သစ်ကြားသီးကို အချို့က ဦးနှောက်သီးဟု တင်စားခေါ်ဝေါ်ခဲ့ကြကြောင်း သစ်ကြားသီး စိုက်ပျိုးရောင်းချသူများက ပြောသည်။

အဆိုပါ သစ်ကြားသီးများကို ယခင်နှစ်က တစ်လုံး (၂၅) ကျပ်ရရှိခဲ့ပြီး ယခုနှစ်ကနဦး စျေးကွက်တွင် တစ်လုံး (၄၀) ကျပ်ရရှိသဖြင့် အထွက်နှုန်းကျဆင်းသော်လည်း ဈေးကောင်းရှိကြောင်းနှင့် သစ်ကြားသီးများကို ဆဒုံးမြို့နယ်ရှိကျေးရွာများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ထွက်ရှိလာသည့် အသီးများကို စျေးကွက်အရောင်းဆိုင်များမှ တစ်ဆင့် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်၊၊

ခင်မာဝင်း(ဆဒုံး)