မိုင်းပျဉ်း စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ဦးဆောင်မှုဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများတွင် ပိုးလောက်လန်း သတ်ဆေး (အဘိတ်ဆေး)ခတ်ခြင်း လုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ဌာနဆိုင်ရာ ရုံးများနှင့် ပိန်းဆန်းရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများတွင် ပိုးလောက်လန်းသတ်ဆေး (အဘိတ်ဆေး) ခတ်ခြင်းကို ဌာနဆိုင်ရာရုံးများနှင့် ပိန်းဆန်းရပ်ကွက်အတွင်းရှိ လူနေအိမ်များမှ ရေတွင်းများ၊ အုတ်ရေကန်များနှင့် ရေထည့်ကျောက်စည်များတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ထိန်လင်းအောင်နှင့် ကျန်းမာရေးဆရာမများ၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့မှ ပူးပေါင်းလိုက်ပါ ဆောင်ရွက်ခဲ့ကြပြီး၊ ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ဝေသော “သွေးလွန်တုပ်ကွေး ကင်းဝေးရေး အားလုံး ပူးပေါင်းဆောင်ရွက်ပေး” လက်ကမ်း စာစောင်များကိုလည်း ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
ထိုကဲ့သို့ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများတွင် ပိုးလောက်လန်းသတ်ဆေး (အဘိတ်ဆေး) ခတ်ခြင်း လုပ်ငန်းများကို ကျန်ရှိနေသော အလယ်ပိုင်းရပ်ကွက်နှင့် အောက်စျေးတန်းရပ်ကွက် တို့တွင်လည်း သတ်မှတ်နေ့ရက်များအလိုက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
နန်းသန္တာဦး (ပြန်/ဆက်)