တောင်ကုတ် စက်တင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆(အထစ)နှင့် ပတ်သက်၍ ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များအား ပြည်သူများသိရှိနိုင်ရန် ကြော်ညာ ပိုစတာများ ဖြန့်ဝေကပ်နှံခြင်းများကို ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကြော်ငြာပိုစတာများ ဖြန့်ဝေကပ်နှံခြင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရည်သန့်နှင့် မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးတို့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အသိပေးထုတ်ပြန်ချက်တွင် လူတစ်ဦးသည် ကိုင်ဆောင်ကတ်ပြား အမှတ်တစ်ခုသာရှိရမည်ဖြစ်ကာ နိုင်ငံသားစိစစ်ရေးကတ် (၁) ခုထက်ပို၍ ကိုင်ဆောင်ထားပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ အမြန်သွားရောက်အပ်နှံရ မည်ဖြစ်ကြောင်း၊ နိုဝင်ဘာ(၁)ရက်နေ့အထိ အပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူသော နိုင်ငံသားကတ်ကိုသာအတည်ပြု၍ ယခင်ကတ်အပိုများအား ပယ်ဖျက်စာရင်း သွားမည်ဖြစ်ကြောင်းနှင့် အလားတူအိမ်ထောင်စုလူဦးရေစာရင်း ပုံစံ-၆၆/၆ (အထစ) (၁) ခုထက်ပို၍ ကိုင်ဆောင်ထား သူများအနေဖြင့်လည်း သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ အမြန်သွားရောက်သတင်းပို့ ဖြေရှင်းဆောင်ရွက်ကြရန်နှင့် သတ်မှတ်ရက်ဖြစ်သည့် နိုဝင်ဘာ(၁)ရက်နေ့အထိ အပ်နှံခြင်းမရှိပါက နောက်ဆုံးထုတ်ယူထားသော လိပ်စာ ပုံစံ-၆၆/၆ (အထစ) ကိုသာ အတည်ပြု၍ ယခင်စာရင်း အားလုံးကို ပယ်ဖျက်စာရင်းသွင်းသွားမည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးရည်သန့်ထံမှ သိရသည်။
ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်မျာကို ဌာနဆိုင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် လူစည်ကားရာနေများတွင် ဖြန့်ဝေကပ်နှံဆောင်ရွက်ထားကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)