လားရှိုး စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယနေ့ နံနက်(၉) နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် Mask Campaign ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မန်ဆူဘုရားအနီးရှိ သိန္နီလမ်းပေါ်နှင့် ရပ်ကွက်(၇) လုံလော့ဈေးအနီး တို့တွင် လမ်းသွားလမ်းလာပြည်သူများအား ပါးစပ်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခဲ့သည်။ ထို့ပြင် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ အချက်အလက်များအား အသံချဲ့စက်ဖြင့်ဆော်ဩခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ လူနာအသစ်တွေ့ရှိမှု မြင့်တက်လာခြင်းနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း SARA-COV-2 Variant Omicron (အိုမီခရွန်) BA-4၊ BA-5 ရောဂါပိုးများ လျင်မြန်စွာ ကူးစက်ပြန့်ပွားနေခြင်း၊ ပြည်တွင်းတွင်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ပြန်လည်တွေ့ရှိလာခြင်းကြောင့် လားရှိုးမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)