ဇမ္ဗူသီရိ စက်တင်ဘာ ၂၄
နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် ဓာတုစယ ဓာတ်ပေါင်းစုစေတီတော်၊ အဘိသန္နဗိမာန်တော်၌ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ်၊ ပဓါနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တအဂ္ဂဓမ္မ အရှင်သူမြတ်အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် ဦးကျော်သိန်း ဆိုင် တို့အမှူးပြုသည့် ဧည့်ပရိတ်သတ်များက ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ် တိုက်သစ်၊ ပဓါနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တအဂ္ဂဓမ္မ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဓမ္မ အရှင်သူမြတ်ထံ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ပဋ္ဌာန်းကျမ်းစာအုပ်များအား လည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ပဋ္ဌာန်းပရိတ်ပန်းအိုးအားလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က ပရိတ်ရေအိုးများအားလည်းကောင်း အသီးသီးဆက်ကပ်ကြသည်။
ယင်းနောက် ဆရာတော်သံဃာတော်များဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်များ အမှူးပြုသည့် ဧည့်ပရိတ်သတ်များက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာလ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့အထိ (၅) ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)