ပဲခူး စက်တင်ဘာ ၂၄
ပဲခူးခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံ (နေကြာ၊ မြေပဲ၊ ပန်းနှမ်း)နှင့် နွေစပါး၊ ပဲတီစိမ်းတိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များ၊ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များ တက်ရောက်ကြပြီး ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်က သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့များအနေဖြင့် မိမိတို့မြို့နယ်အလိုက် စီမံကိန်းလျာထား စိုက်ဧကများနှင့် ပတ်သက်၍ ပြည့်မီအောင်ဆောင်ရွက်ကြရမည့်အပြင် ပိုလျှံအောင်လည်း တိုးချဲ့စိုက်ပျိုးနိုင်ရေး အလေးထားကြပ်မတ်ဆောင်ရွက်သွားကြရန်၊ ဓာတ်မြေသြဇာများကိုလည်း တောင်သူများ၏ လက်ဝယ်အရောက်ရရှိရေး ကြပ်မတ်သွားကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးခရိုင်အတွင်းရှိ ပဲခူး၊ ကဝ၊ ဝေါ၊ သနပ်ပင်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ မိမိတို့မြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် ဆီထွက်သီးနှံ (နေကြာ၊ မြေပဲ၊ ပန်းနှမ်း)နှင့် နွေစပါး၊ ပဲတီစိမ်းတိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆဆောင်ရွက်သွားမည့်အစီအမံများ၊ ဖြည့်ဆည်းပေးရန်လိုအပ်သည့်အချက်များနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြရာ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့၊ အဖွဲ့ဝင်များမှ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပဲခူးခရိုင်အတွင်း၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် ဆောင်းနေကြာ (၅၆၃၂) ဧက၊ သီးသန့်(၂၈၅၄) ဧက၊ သီးညှပ်(၂၇၇၈)ဧက၊ ဆောင်းနှမ်း(၁၂၇၅) ဧက၊ ဆောင်းမြေပဲ(၁၉၆၀၀)ဧက၊ တိုးချဲ့(၉၁၃၁) ဧက၊ ပေါင်း(၂၈၇၃၁)ဧက၊ ပဲမျိုးစုံ(၄၅၄၈၁၉)ဧက၊ နွေစပါး(၆၁၁၅၁)ဧက၊ တိုးချဲ့(၄၈၃၈)ဧက၊ ပေါင်း(၆၅၉၈၉)ဧက စိုက်ပျိုးသွားရန်လျာထား ဆောင်ရွက်လျက်ရှိပြီး နေကြာစိုက်ပျိုးရန် မျိုးစေ့လိုအပ်ချက်အနေဖြင့် စပ်မျိုး(၂၅၀၀) ဧက၊ ဆင်းရွှေကြာ(၃၁၃၂) ဧက၊ မျိုးစုဆောင်းထားရှိမှုအနေဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စပ်မျိုး(၁၆၆၆)ဧက၊ ဆင်းရွှေကြာ-၂ (၂၀)ဧက၊ ခရိုင်အစီအစဉ်အနေဖြင့် စပ်မျိုး(၂၁၂)ဧက၊ ဆင်းရွှေကြာ-၂ (၈၆)ဧက စုဆောင်းထားရှိပြီးဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)