မိုးနဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ခြင်း၏အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် အသိပညာပေးဆောင်ရွက်

မိုးနဲ စက်တင်ဘာ  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show)ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ဆွေးနွေးပွဲ (Talk Show)များ ကျင်းပပြုလုပ်ဆောင်ရွက်ရခြင်းဖြစ် ကြောင်းပြောကြားခဲ့ပြီး၊ မြို့နယ်စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က စာဖတ်ခြင်းဖြင့် အသိပညာ၊ ဗဟုသုတပြည့်စုံခြင်း ၊တီထွင်ဖန်တီးနိုင်စွမ်းရှိခြင်း၊ ဘဝအဆင့်မြှင့်တင်နိုင်ခြင်း၊ လူငယ်များ အနာဂတ်တွင် အကျိုးပြုမည့် အရည်အသွေးကောင်းများ ရရှိလာမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် ယဉ်ကျေးမှုကိုလည်း တိုးတက်ပြောင်းလဲစေနိုင်ကြောင်း၊ စာအုပ်ပါ အောက်ခြေမှ တိုးတက်အောင်မြင် သွားသူများ၊ အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသွားသူများ အကြောင်းသိရှိလာပြီး မိမိ၏ရည်မှန်းချက် လောကကြီးအတွက် တာဝန်ယူလိုမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲသွားစေနိုင်ခြင်း၊ လူငယ်တစ်ဦးချင်းစီ၏ တိုးတက်ပြောင်းလဲမှုသည် အနာဂတ်လူ့ပတ်ဝန်းကျင်ကြီးကို သိသိသာသာအကျိုးဖြစ်ထွန်းနိုင်စေကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြား ဆွေးနွေးပေးခဲ့ပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုးနဲမြို့နယ်ရုံးအနေဖြင့် Online မှတစ်ဆင့်အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲ (Talk Show) များ၊ ပြိုင်ပွဲများကို ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)