ဟိုပန် မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည် ဆုပေးပွဲ အခမ်းအနားကျင်းပ

ဟိုပန် စက်တင်ဘာ ၂၄

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် မူလတန်းကြိုကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက ဉာဏစွမ်းရည်ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟိုပန်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြကေခိုင်က မူလတန်းကြိုကလေးငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်ဓာတ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဉာဏစွမ်းရည် ပြိုင်ပွဲများဖြစ်သည့် ပန်းချီ၊ ဆေးရောင်ခြယ်၊ ကဗျာနှင့် သီချင်းဆို ပြိုင်ပွဲများကို အကြီးအဆင့်၊ အငယ်အဆင့်ခွဲ၍ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ကလေးငယ်များကို ဖွံ့ဖြိုးမှုငါးရပ် အခြေခံကောင်းများဖြင့် မူလတန်းကျောင်းများသို့ ဝင်ရောက်နိုင်ရေး စနစ်တကျ ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်းနှင့် ကလေးသူငယ်များ ကောင်းစွာဖွံ့ဖြိုးစေရန် စိတ်ချရ သည့် ပတ်ဝန်းကျင်ကောင်းလိုအပ်ပြီး မိဘ၊ ဆရာ အပါအဝင်အားလုံး ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်းပြောကြားသည်။

ထို့နောက် ဟိုပန်မူလတန်းကြိုကျောင်းမှ တာဝန်ခံဆရာမ ဒေါ်ထက်ထက်ဝေက မိဘ၊ ဆရာ အသင်းပြန်လည်ဖွဲ့စည်းထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မူလတန်းကြိုကလေးသူငယ်များက ကဗျာရွတ်ဆိုခြင်း အစီအစဉ်ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသည့် ကလေးသူငယ် (၇၀) ဦးအားဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် မိဘ၊ဆရာများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။ ဟိုပန်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် အသက် (၃) နှစ်မှ (၅) နှစ်အထိ ကလေးသူငယ် (၁၀၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)