ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုက်နာရမည့် အချက်များအား ဗမာ၊ ရှမ်း၊ အာခါ၊ လားဟူ တိုင်းရင်းသားဘာသာများဖြင့် အသိပညာပေး နှိုးဆော်

ကျိုင်းတုံ စက်တင်ဘာ ၂၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေး တိုင်းရင်းသားဘာသာများဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့က ဌာနဆိုင်ရာများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်း လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနဝန်ထမ်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များအား တိကျစွာလိုက်နာကျရန် နှင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပိုးအသစ် BA4၊ BA5 များ ကမ္ဘာ့နိုင်ငံအတော်များများတွင် ထပ်မံကူးစက် ပျံ့နှံ့လျက်ရှိနေ၍ ပြည်သူများအနေ့ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးရာတွင် ကျန်ရစ်မှုမရှိစေရေး နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရုံးများသို့ အမြန်ဆက်သွယ်၍ မပျက်မကွက် ကာကွယ်ဆေးထိုးနှံကြရန် ဗမာ၊ ရှမ်း၊ အာခါ၊ လားဟူ တိုင်းရင်းသားဘာသာများဖြင့် နှိုးဆော်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

မြို့နယ် (ပြန်/ ဆက်)