ဟိုပန်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ဟိုပန် စက်တင်ဘာ ၂၃

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ယနေ့နံနက်(၁၁)နာရီက ဟိုပန်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင် က ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး "လူငယ်နှင့်စာပေ"နှင့် "လူငယ်နှင့် စာရတ္တ" ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ဟိုပန်မြို့နယ်၊ ပညာရေးမှူး ဦးဝင်းလှိုင် က "လူငယ်နှင့် အောင်မြင်ရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊  အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်နန်းမျိုးသန္တာဦး က" လူငယ်နှင့် ခေါင်းဆောင်မှု " ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကျောင်းသား/သူများအတွက်  ပိုက်ကျော်ခြင်းနှစ်လုံး၊ ဘောလီဘော နှစ်လုံးနှင့် ဘောလုံးနှစ်လုံး စသည့် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ အထက(ဟိုပန်)မှ အထက်တန်းပြဆရာ တစ်ဦးက လက်ခံရယူခဲ့သည်။

ဟောပြောပွဲအပြီးတွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံ​ပြဘုတ်များအားပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်တစား ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)