ပျော်ဘွယ် စက်တင်ဘာ ၂၃
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်းကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် (၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းအေးက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစေစိုပြေရန် အတွက် ထိန်းသိမ်းစောင့်ရှောက်ရမည့်အချက်များအား ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်ခင်ဦးက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်အတွက် ကျေးရွာများသို့ကွင်းဆင်းကာ အသိပညာပေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရာသီဥတုမှန်ကန်ရေးအတွက် သစ်ပင်များဖြစ်ထွန်းမှုကဏ္ဍ အရေးပါပုံများ၊ တစ်အုပ်တစ်မစိုက်ခင်းများ ထူထောင်စိုက်ပျိုးမှုနှင့် လမ်းဘေးဝဲယာတစ်လျှောက် သစ်ပင်စိုက်ပျိုးနေမှုအခြေအနေများ၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ပြည်သူများအနေဖြင့်လိုက်နာဆောင်ရွက်ရမည့်အချက်များကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ အသိပညာပေး Talk Show များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)