နေပြည်တော် စက်တင်ဘာ ၂၃
နေပြည်တော်ကောင်စီကကြီးမှူးကျင်းပသည့် ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ဆုတောင်းပြည့်လောကမာရဇိန်ဘုရားကြီး အရှေ့ဘက်အာရုံခံတန်ဆောင်း၌ ကျင်းပရာ ပျဉ်းမနားမြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ မာရ်အောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဇာဂရ မထေရ်မြတ် အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်များ တက်ရောက် ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဧည့်ပရိတ်သတ်များက ပျဉ်းမနားမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မာရ်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရမထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များအား နာယူကြည်ညိုကြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပျဉ်းမနားမြို့နယ် သံဃာ့နာယကအဖွဲ့ ဒုတိယတွဲဖက်အကျိုးတော်ဆောင် ရတနာသိဒ္ဓိစာသင်တိုက် ပဓာနနယက ဆရာတော် ဘဒ္ဒန္တကုသလထံမှ အနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေးခဲ့ကြသည်။
ယင်းနောက် ဆရာတော်သံဃာတော်များဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ် များက ဗုဒ္ဓသာသနာ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဖတ်ပူဇော်၍ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် အမှူးပြုသည့် ဧည့်ပရိတ်သတ်များက ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြ သည်။
ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူးဇော်ပွဲကို စက်တင်ဘာလ(၁၉) ရက်နေ့မှ (၂၃)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
အောင်ကိုကို(ပြန်/ဆက်)