ပင်လောင်း စက်တင်ဘာ ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဒေသထွက်လက်ဖက်အား အခြေခံပြီးစားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ပင်လောင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ထက်က အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ် ခိုင်ခိုင်သိန်းက ဒေသထွက်ကုန်များဖြင့် စားသောက် ကုန်နှင့်အလှကုန်ထုတ်လုပ်ရသည့် ရည်ရွယ်ချက်များကိုလည်ကောင်း၊ တောင်ကြီးမြို့ ယက်ကန်းနှင့်အသက်မွေး ပညာသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ဖြူဖြူမြင့်က ယက်ကန်းဆိုင်ရာသင်တန်းများအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြသည်။
အဆိုပါ သင်တန်းတွင် ဒေသထွက်ကုန်လက်ဖက်ဖြင့် လက်ဖက်နှပ်(အစိမ့်)၊ လက်ဖက်နှပ်(ချဥ်စပ်)၊ ရှူးရှဲလက်ဖက်နှပ်၊ လက်ဖက်ဝိုင်၊ လက်ဖက်ဆပ်ပြာ၊ လက်ဖက်ခေါင်းလျှော်ရည်၊ လက်ဖက်မျက်နှာသစ်ဆပ်ပြာ ထုတ်လုပ်မှုနည်းပညာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် သင်တန်းသား၊သင်တန်းသူ (၂၅)ဦးတက်ရောက်ကြပြီး သင်တန်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှ စက်တင်ဘာ လ ၂၉ ရက်နေ့ထိ (၇)ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာဆိုင်ရာများ၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ တောင်ကြီးမြို့ ယက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ နည်းပြဆရာများ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမလီမိတက်အသင်းစု ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ကြပြီး သင်တန်းသားသင်တန်းသူများနှင့် စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။
ခွန်အာကာစိုး(ပင်လောင်း)