ပင်းတယ စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ငရုတ်ပွသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိသည်။
ယခုစက်တင်ဘာလတွင် စတင်ခူးဆွတ်ရောင်း ချနေပြီဖြစ်သော ငရုတ်ပွသီးနှံ အရွယ်အစားမှာအလွန်ကောင်းမွန်ပြီး၊ သီးနှံအရွယ်အစားအလိုက် တစ်ပိဿာလျှင်ငွေကျပ် (၁၅၀၀)ကျပ်မှ(၂၅၀၀)ကျပ်ခန့် အထိရောင်းချရကြောင်း၊ ငရုတ်ပွစိုက်ခင်း တစ်ဧကလျှင် စိုက်ပျိုးစရိတ် အနေဖြင့် အာမိုမြေသြဇာ တစ်အိတ်လျှင်ကျပ် (၁)သိန်းရှစ်သောင်းကျပ်ပေးဝယ်၍ မြေသြဇာ (၃)အိတ်နှုန်း၊ နွားချေးခြောက်ယာဉ် တစ်စီးလျှင်ငွေကျပ် (၅)သိန်းဝယ်ယူ ရင်းနီးရပြီး အပင်ရှင်သန်ရန်၊ သီးနှံအောင်မြင် ဖြစ်ထွန်းစေရေးအတွက် တောင်သူငှားရမ်းခ အပါစိုက်ပျိုးစရိတ် (၁၀)သိန်းကျော်ခန့်ကုန်ကျသည့်အတွက် ကျွန်တော်တို့ပြန်ရောင်းတဲ့အချိန်မှာ စျေးကောင်းရရှိရန် မျှော်လင့်ကြောင်း ငရုတ်ပွစိုက်ပျိုးသည့်တောင်သူတစ်ဦးထံက သိရသည်။
ပင်းတယမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြ၍၊ လက်ဖက်၊ ဂျူး၊ ပဲပုတ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့်လယ်ယာစသည့်တိုကို တနိုင်တပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြ၍ရရှိလာသည့် ရာသီအလိုက်သီးနှံများကို အောင်ပန်းမြို့ ပွဲရုံများထံ ပို့ဆောင်ရောင်းချကြပြီး၊ ထို့မှတစ်ဆင့်မြန်မာနိုင်ငံမြို့ကြီးများသို့ ဖြန့်ဝေရောင်းချကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)