မုဒုံမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူတို့၏ လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မုဒုံ စက်တင်ဘာ ၂၃

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း ရပ်/ ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ အောင်မြင်တိုးတက်စေရန် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းငါးကြောင်း ပူးပေါင်းအဖွဲ့သည် မြို့မ(၂) ရပ်ကွက်နှင့် မြို့မ (၄)ရပ်ကွက်ရှိ ပြည်သူများနှင့် တွေ့ဆုံသည်။ 

ရှေးဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးလက်နေ ပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ နိုင်ငံသားမှတ်ပုံတင်ကတ်ရရှိနိုင်ရေး၊ ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းတံတားများ၊ ကျေးရွာတွင်း လမ်းတံတားများ ကောင်းမွန်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာသူ/ သားတို့၏ မေးမြန်းတင်ပြချက်များကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ကျေးရွာအတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများကို မီးဘေးနှင့် သဘာဝဘေးဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်း ပျက်စီး၊ ပျောက်ဆုံးသူများကို အသစ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)