မိုင်းလုံ စက်တင်ဘာ ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်များ ဘဝကိုကောင်းမွန်စွာဖြတ်သန်းနိုင်ရန်၊ ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ "လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် ယနေ့နံနက်(၉)နာရီခွဲ အချိန်ခန့်က လူထုအခြေပြုဗဟိုဌာန ( Community Center) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက မျိုးဆက်သစ်လူငယ် လူရွယ်များ အတွေးအမြင်၊ အယူအဆများ မှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းကိုပြောကြားပြီး နန်းခင်ပွားကြည်က "လူငယ်နှင့်အောင်မြင်ခြင်း "ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်အိအိဖြူမှ “လူငယ်နှင့်အမှား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းစုနဒီလှိုင်မှ "လူငယ်နှင့်အလှအပ"ခေါင်းစဉ်ပါ အကြောင်းအရာ များကို အပြန်အလှန်ဆွေးနွေးခဲ့ပြီး လူငယ်များ၏ဆွေးနွေးချက်ကို ပြည့်စုံအောင် မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက ပြန်လည်ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် တစ်လတစ်ကြိမ် လစဉ်ပုံမှန် ဆောင်ရွက်သွားမည့်အကြောင်းကို မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးထံက သိရသည်။
ဇော်ဇော်(ပြန်/ဆက်)