တံတား စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် တောင်သူအသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန် က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင် က တောင်သူလယ်သမားများအတွက် နေကြာစိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်သင့်သည့်အချက်များကို မေးမြန်းဆွေးနွေးရာ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းထွန်းက တံတားမြို့အနေဖြင့် မြန်မာနိုင်ငံတွင် မိုးစပါးရိတ်သိမ်းအပြီး တောင်သူများအနေဖြင့် မိသားစုမှသည် တစ်မြို့လုံးဆီဖူလုံမှုတိုးတက်ရေးအတွက် တောင်သူများအနေဖြင့် နေကြာကိုတစ်ပိုင်တစ်နိုင် တိုးချဲ့စိုက်ပျိုးသွားရန် လိုအပ်ကြောင်းနှင့် တစ်ဧကထွက်နှုန်း တိုးတက်ရေးအတွက် စိုက်ပျိုးနည်းစနစ်များ၊ သိရှိနားလည်အောင် တောင်သူများကို ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဖြေကြားခဲ့သည်။
ဆက်လက်၍ နေကြာစိုက်ပျိုးရာတွင် အရိုင်းပင်နှင့်အယဉ်ပင် (၂)မျိုးရှိသည် အရိုင်းပင်က နှစ်ရှည်ပင်ဖြစ်ပြီး အယဉ်ပင်ကတော့ တစ်နှစ်ခံအပင်ဖြစ်သည် တစ်နှစ်ခံအပင်မှာတော့ ဆီစားနဲ့အစေ့စား (၂)မျိုးရှိပြီး တစ်ဧကစိုက်ရာတွင် အထွက်နှုန်းကောင်းစေမည့် အချက်များက အပင်များများစိုက်ခြင်း၊ အောင်မြင်တဲ့အစေ့များဖြစ်ထွန်းခြင်းနှင့် အစေ့အလေးချိန်များ ကောင်းမွန်ခြင်း၊ နေကြာပင်သည် မြေသြဇာထက်သန်မှုကြောင့် မိုးခေါင်သည့်ဒဏ်ကိုခံနိုင်ပြီး မိုးများရေဝပ်သော ဒဏ်ကိုမခံနိုင်သည့်အတွက် မိုးများသောဒေသတွင် မိုးနှောင်းစိုက်ပျိုးသင့်ကြောင်း ပြောကြားခဲ့သည်၊ နေကြာသက်တမ်း (၃၅)ရက်တွင် အဖူးအခင်းများစတင်ပွင့်ဖူးလာပြီး ပေါင်းလိုက်ပေါင်းသင်ခြင်း၊ ပိုးမွှားအန္တရာယ်နှိမ်နှင်းခြင်းအပြင် နေကြာပန်းသည် ပင်ရင်းပုတ်ရောဂါ၊ နေကြာမဲကွက်ပျောက်ရောဂါ၊ နေကြာသံချေးတက်ရောဂါ၊ နေကြာအပွင့်ပုတ်ရောဂါ၊ စသည့်ရောဂါများမဖြစ်ပွားအောင် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပြီးနောက် တံတားမြို့ တောင်သူများအနေဖြင့် ဆီဖူလုံစွာရရှိရေးအတွက် နေကြာကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးသင့်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ