မိုးကောင်း စက်တင်ဘာ ၂၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ကျေးရွာအဆင့်စီမံကိန်း ကော်မတီဝင်များအား စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီတွင် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ပို့ချသင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းအခမ်းအနားတွင် မိုးညှင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်မှ သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
သင်တန်းကို မိုးကောင်းမြို့နယ်အတွင်းရှိ မန်ရွက်၊ ရှမ်းရွာသစ်၊ အင်ကြင်းကုန်း၊ ပင်းကြိုင်း၊ ထီးချိုင့်၊ အုန်းဘောင်၊ သိုက်ဝါးကုန်း၊ အောင်သာ၊ ဆားမှော်၊ ပင်လုံ၊ တောင်နီ၊ နန့်ခွင်နှင့် ကုန်းတန်းကြီး စုစုပေါင်းကျေးရွာ (၁၃)ရွာ တို့မှ ကျေးရွာစီမံကိန်းကော်မတီဝင်(၁၁၅)ဦး တက်ရောက်ကြသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးမြစိမ်းရောင်စီမံကိန်း ကျေးရွာ(၇)ရွာအတွက် ကျပ်သိန်း (၃၂၀၀)ကို လည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးစီမံကိန်းကျေးရွာ(၂)ရွာ အတွက် ကျပ်သိန်း (၁၂၀၀)ကိုလည်းကောင်း၊ သမဝါယမဦးစီးဌာနမှ သမအသင်းမြစိမ်းရောင် စီမံကိန်းကျေးရွာ(၄)ရွာအတွက် ကျပ်သိန်း(၁၂၀၀)ကိုလည်းကောင်း စုစုပေါင်းကျပ်သိန်း(၅၆၀၀)ကို အတိုးပြား(၅၀)နှုန်းဖြင့် အောက်တိုဘာလ အတွင်း အပြီးထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)