စစ်တွေ စက်တင်ဘာ ၂၃
စစ်တွေမြို့၊ ရခိုင်ပြည်ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ၏အဓိပတိ၊ ပြည်တွင်း၊ ပြည်ပ သာသနာပြု၊ ဓမ္မကထိ၊ ရတနာမရ်အောင်တောရဓမ္မရိပ်သာများ၏ ဦးစီးပဓာနနာယကချုပ် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ကျေးဇူးတော်ရှင် မြောက်ဦးဆရာတော် ဝနဝါသီ အရှင် ဝါယာမိန္ဒ၏ သက်တော် (၆၃)နှစ်ပြည့် ဝိဇာတ မွေးနေ့အလှူတော်မင်္ဂလာပွဲအဖြစ် သံဃာတော်(၆၃)ပါးအား ဆွမ်းနှင့်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက အဆိုပါမြောက်ဦးဓမ္မစင်တာ (ယာယီဓမ္မာရုံ)၌ ကျင်းပရာ ရဟန်းသံဃာတော်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များတက်ရောက်ကြသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် အစိုးရအဖွဲ့ဝင်များက မြောက်ဦးဆရာတော်အား ဖူးမြော်ကာ ပြည်နယ်အစိုးရအဖွဲ့မှ ဆရာတော်၏ သက်တော်(၆၃)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာပွဲတော်နှင့် ဆရာတော်ကြီး၏သာသနာပြုလုပ်ငန်းများတွင် အသုံးပြု နိုင်ရန်အတွက် အလှူငွေကျပ်သိန်း ၂၀ အားဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ဆရာတော်၏ သက်တော်(၆၃)နှစ်ပြည့်ဝိဇာတမွေးနေ့အဖြစ် သံဃာတော်(၆၃)ပါးအား ဆွမ်းနှင့်ဝတ္ထုပစ္စည်းများလောင်းလှူပွဲသို့ တက်ရောက်ပြီး ဆွမ်းနှင့်လှူဖွယ် ပစ္စည်းများကို လောင်းလှူကြသည်။
ဆရာတော်ကြီး၏ သက်တော်(၆၃)နှစ်ပြည့် ဝိဇာတမင်္ဂလာပွဲတော်တွင် နံနက်ပိုင်း၌ သံဃာတော် (၆၃)ပါးတို့အား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုများလောင်းလှူခြင်း၊ ဝိဇာတမွေးနေ့ပူဇာအခမ်းအနားတွင် ပင့်သံဃာ (၂၈)ပါးတို့အား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းနှင့် စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်ရှိ အိမ်ထောင်စု (၅၀၀)ကျော်အား ဆန်၊ ဆီ၊ ကြက်သွန်၊ မီးခြစ်နှင့် ငွေ ၅၀၀၀ ကျပ်စီတို့ကို လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)