ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ၏ လမ်းညွှန်ချက်များအပေါ် ပြည်နယ်အဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်တွေ စက်တင်ဘာ ၂၃

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ၏ လမ်းညွှန်ချက်များအပေါ် ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက မကြာမီကာလတွင်နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအစီအစဉ်ကို စတင်ဆောင်ရွက်မည်ဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လပထမပတ်အတွင်း ပြည်နယ်ဝန်ကြီးချုပ် ဦးစီးပြုလုပ်ခဲ့သည့် ပထမအကြိမ် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်များကို လက်ရှိမြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် ပြန်လည်လက်ခံရေးနှင့်အတူ ပြန်လည်ထူထောင်ရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်ပတ်သတ်ပြီး ဆက်စပ်သည့် ဌာနဆိုင်ရာများက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းများ အား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်နှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်း ပြည်နယ်အစိုးရအဖွဲ့အပါအဝင် မိမိတို့သက်ဆိုင်ရာ ဝန်ကြီးဌာန များသို့ အချိန်မီပေးပို့ဆောင်ရွက်ကြစေလိုကြောင်းနှင့် ယခုအစည်းအဝေးတွင်လည်း လိုအပ်ချက်များ၊ အကြံပြုချက်များကို တင်ပြဆွေးနွေးပေးကြစေ လိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေးနှင့်ပတ်သတ်ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး(၂)၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးက တင်ပြချက်များ အပေါ်ပြန်လည်သုံးသပ်ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ virtual Online စနစ်ဖြင့် တက်ရောက်ကြသည့် မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနှင့် စခန်းတာဝန်ခံများက လက်ရှိမြေပြင်တွင် ဆောင်ရွက် ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးနှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)