ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာတွင် ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးကောင်းရသဖြင့် မိသားစုများအဆင်ပြေ

​ကျောက်ဆည် စက်တင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးကောင်းရသဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရုံးပတီသီးနှံသည် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်သဖြင့် ကုန်ကျငွေသက်သာပြီး၊ နေ့စဉ်ခူးဆွတ် ရောင်းချရသည့် သီးနှံတစ်မျိုးဖြစ် ကြောင်းနှင့် ရုံးပတီသီးနှံသည်စိုက်ပျိုးပြီး (၃)လကျော်ပါက စတင်ခူးဆွတ် ရောင်းချရပြီး ရုံပတီ(၁)ဧကစိုက်ပျိုးပါက စတင်ခူးဆွတ်ချိန်တွင် (၁၅)ပိဿာခန့်ခူးဆွတ်ရပြီး ရောင်းဈေးအနေနှင့်တစ်ပိဿာ(၇၀၀)ကျပ် ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း ကြောင်ပန်းကုန်း ကျေးရွာမှ ဒေါ်မာမာအေးက ပြောပြသည်။

ရုံးပတီသီးနှံသည် ရေကြိုက်နှစ်သက်သဖြင့် ရေသွင်း/ရေထုတ်လွယ်ကူစေရန်အတွက်  မြေဘောင်များပြုလုပ်ကာ တစ်ပင်နှင့်တစ်ပင် တစ်တောင်ခန့်အကွာတွင် အစေ့တိုက်ရိုက်ချစိုက်ပျိုးနိုင်ကြောင်းနှင့် ဂရုစိုက်ပြီး လိုအပ်သည့်အချိန်များတွင် မြေဆွခြင်း၊ ပေါင်းသင်ခြင်း၊ မြေဩ ဇာကျွေးပေးခြင်းများနှင့် သဘာဝရောဂါပိုး ကာကွယ်နှိမ်နှင်းဆေးများ ဖျန်းပေးပါက အပင်သန်မာ၍ အသီးအထွက်နှုန်းကောင်း မွန်ကာ ရက်ပေါင်း(၉၀) အထိ ခူးဆွတ်ရကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)