လူထုအခြေပြုဗဟိုဌာနကော့မှူး၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များစု‌ပေါင်း၍ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီကျင်းပခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်က စာပေချစ်မြတ်နိုးသူများအနေဖြင့် အသက်အရွယ်အလိုက်စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များရရှိစေရန်နှင့် စာပေကောင်းများပိုမိုလေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကိုအစဉ်အမြဲဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍စာပေချစ်မြတ်နိုးသူများအသင်းမှ အသင်းဝင်ဦးခင်ဇော်က စာရေးဆရာမြင်းခြံကျော်အောင်(ခ) သန်းထက်စံရေးသားသည့် ကြီးပွားအောင်မြင်အောင်ပန်းကိုဆင်စာအုပ်ထဲမှ အတိုးတက်ဆုံးလူခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဦးလှဝင်းက ပင်စင်စားများချမ်းသာဖို့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မကြည်ပြာတို့ကကြီးပွားခြင်း၏ အခြေခံစာဖတ်ရန်ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် Book Club အဖွဲ့ဝင်ဦးခင်ဇော်ကဦးဆောင် ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ကျော်သူရ ပြန်/ဆက်