မိုင်းခတ် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉နာရီအချိန်ကအခြေခံပညာအထက်တန်းကျောင်းနီလာခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
မိုင်းခတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမျိုးဝင်းအောင်က ကော်မရှင် ဖွဲ့စည်းခြင်း၊ လွှတ်တော်ဖွဲ့စည်းခြင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် အသုံးပြုရမည့် မဲဆန္ဒရှင် စာရင်းများ၊ ကြိုတင်ဆန္ဒမဲပေးခြင်းပုံစံများ၊ မဲဆန္ဒရှင်စာရင်းလုပ်ငန်းလမ်းညွှန်များ၊ သက်ဆိုင်ရာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ၊ မသန်စွမ်းသူများ၏အခွင့်အရေး၊ ရွေးကောက်ပွဲနှင့်မီဒီယာများ၏ အခွင့်အရေး၊ မဲဆန္ဒနယ်သတ်မှတ်ခြင်း၊ မဲစာရင်းကြေညာခြင်း၊ တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်း၊ ကြိုတင်မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ အတည်ပြုခြင်း၊ ရလဒ်ကြေညာခြင်း၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ၊ နိုင်ငံရေးပါတီ ကိုယ်စား လှယ်လောင်းများ စသည့် ရွေးကောက်ပွဲ ဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းပို့ချခဲ့သည်။
အဆိုပါသင်တန်းကိုရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် စာရေး ဝန်ထမ်းများ တက်ရောက်ကြပြီးသင်တန်းကို ၂ရက်ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မိုးဒေ (ပြန်/ဆက်)