မိုင်းယောင်း စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မဲခေါင်-လန်ချန်းဒေသရှိ မက္ကဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအထောက်အပံ့ဖြင့် ရွှေသီးနှံ မက္ကဒေးမီးယား ၂၁၅၀ ပင် စိုက်ပျိုးပြီးကြောင်း၊ ကျန်ရှိသော ပျိုးပင်များကို လာမည့်မိုးရာသီတွင် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးထံမှ သိရသည်။
မက္ကဒေးမီးယားကို အစိုဓာတ်ထိန်းသိမ်းမှုနည်းပါးသော သဲဆန်လွန်းသည့် မြေမျိုးမှလွဲ၍ မြေ အမျိုးအစားအများအပြားတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ကြောင်း၊ ကိုင်းဆက်ပင်သည် သက်တမ်း လေးနှစ်၊ အစေ့စိုက်အပင်သည် သက်တမ်းခြောက်နှစ်တွင် စတင်သီးပွင့်ကြောင်း၊ အစိုဓာတ်ကောင်းမွန်သော ဒေသများတွင် တစ်နှစ်ပတ်လုံး သီးပွင့်နိုင်ပြီး နှစ်ပေါင်း ၆၀ အထိ စီးပွားရေးတွက်ချေကိုက်သော ထွက်နှုန်းရရှိနိုင်ပြီး နှစ်ပေါင်း ၁၀၀ အထိ သီးပွင့်နိုင်ကြောင်း၊ စနစ်တကျထိန်းသိမ်းထားသည့် မက္ကဒေးမီးယားမျိုးသန့်ခြံတစ်ခြံမှ ရေမြေဒေသပေါ် မူတည်၍ ၁ ဧကလျှင် အခွံပါအစေ့ ၁ တန်မှ ၅ တန်ထိထွက်ပြီး အစေ့ဆံ ၀ ဒသမ ၃ တန်မှ ၂ တန်ထိ ရရှိကြောင်း၊ အပင်သက်တမ်း နှစ် ၂၀ နှင့် နှစ် ၃၀ ကြားသည် အသီးထွက် အကောင်းဆုံးကာလဖြစ်ကြောင်း၊ ယနေ့နိုင်ငံတကာစျေးကွက်တွင် အစေ့ဆံ ၁ တန်လျှင် ဒေါ်လာ ၆၀၀၀ ဝန်းကျင်ရှိသဖြင့် တစ်ဧကလျှင် သိန်း ၆၀ မှ ၁၀၀ အထိ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း