တောင်ကုတ် စက်တင်ဘာလ ၂၃
ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် စကားနှင့်အညီ အနာဂတ်ကို ထုဆစ်ပုံဖော်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအသိပညာမြင့်မားရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က တောင်ကုတ်မြို့ ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတာနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင်က အသိပညာပေးဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ရွှေက လူငယ်နှင့်ရည်မှန်းချက်ပန်းတိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဇော်လတ်က ယာဉ်အန္တရာယ်ကင်းရှင်းရေးကိုလည်းကောင်း၊ ကျန်းမာရေးဦးစီးဌာနမှ မြို့မကျန်းမာရေးမှူးက ကိုဗစ်-၁၉ရောဂါ သိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းက စားသုံးသူအန္တရာယ်ကင်းဝေးရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးနန္ဒာကျော်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် ဟောပြောပြီးနောက် ကိုယ်ကာယကြံ့ခိုင်ရေး အေရိုးဗစ် ကစားနည်းသရုပ်ပြသည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ ၊ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)