မိုင်းရယ်မြို့၌ နေကြာစံပြကွက် စတင်စိုက်ပျိုး

မိုင်းရယ်  စက်တင်ဘာ  ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးစီး၍ ဆီထွက်သီးနှံဖြစ်သည့် နေကြာကိုစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် တောင်သူများ အကျိုးပြုဖြစ်ထွန်းစေရန် ရည်ရွယ်၍ မိုးနှောင်းကာလနေကြာစတင်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မိုင်းရယ်မြို့အဝင် နားဖျိုင်းကျေးရွာရှိ တောင်သူ(၅) ဦးပိုင် စံပြကွက် ၁၀ ဧကတွင် ပြုလုပ်သည်။

အဆိုပါ နေကြာစတင်စိုက်ပျိုးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အားပေးကြည့်ရှုခဲ့ကြသည်။

မိုင်းရယ်မြို့နယ်တွင် ယခင်နှစ်များက နေကြာစိုက်ပျိုးခြင်းမရှိသော်လည်း စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီတွင် စံပြကွက် ၁၀ ဧကအပါအဝင် ယာသီးထပ်စိုက်ဧက ၃၂ ဧက၌ ပညာပေးစည်းရုံးမှုများ ဆောင်ရွက်ခဲ့ပြီး လယ်မြေများတွင်ပါ တိုးချဲ့‌စိုက်ပျိုးနိုင်ရန်အတွက် ပညာပေးစည်းရုံးလျက်ရှိကြောင်း သိရသည်။

မိုင်းရယ် (ပြန်/ဆက်)