စဉ့်ကူး စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီမံကိန်းဝင်ကျေးရွာ (၄)ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံ ငွေဆပ်/ထုတ်စနစ်ဖြင့် ထုတ်ချေးပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁ဝ) နာရီက စဉ့်ကူး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုလျှော့ချနိုင်စေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားမိသားစုဝင်ငွေတိုး စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်း တာဝန်ခံတို့က မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များနှင့်အတူ ရေရှင်ကျေးရွာ၊ ကျီတော်ကုန်းကျေးရွာ၊ ခတက်ချဉ်ကျေးရွာ၊ ပျဉ်းပင်ကျေးရွာ စုစုပေါင်း ကျေးရွာ ၄ ရွာတို့မှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၂၉၇) ဦးတို့အား ချေးငွေကျပ် (၁၂၁.၁)သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၁၉၆)ဦးတို့အား ချေးငွေကျပ်(၅၀.၄)သန်း၊ အရောင်းအဝယ် (၁၇)ဦးတို့အား ချေးငွေကျပ်(၆.၄)သန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ(၁၁)ဦးတို့အား ချေးငွေ (၃.၈၅) သန်း၊ အသက်မွေးလုပ်ငန်း လုပ်ကိုင်သူ(၁)ဦးတို့အား ချေးငွေ (၀.၄) သန်း၊ စုစုပေါင်း ကျေးရွာလေးရွာမှ မြစိမ်းရောင်စီမံကိန်း အသင်းသူ/အသင်းသား စုစုပေါင်း (၅၂၂)ဦးအတွက် စီမံကိန်းရန်ပုံငွေကျပ် (၁၈၂.၁၅) သန်းအား ထုတ်ချေးပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးနှင့် ဝန်ထမ်းများ၊ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)