အ.ထ.က(ပေါက်ခေါင်း)၌ လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

ပေါက်ခေါင်း     စက်တင်ဘာ      ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့တွင် ပညာရေးဌာန၊ ပြည်ခရိုင်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အ.ထ.က(ပေါက်ခေါင်း)ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင်ဦးစွာ အ.ထ.က(ပေါက်ခေါင်း)ကျောင်းအုပ်ဆရာကြီးဦးညွှန့်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပေါက်ခေါင်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးမြတ်မင်းသူ၊ ခရိုင်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ပြည်)မှ ရဲအုပ်ထွန်းညွန့်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်ဒေါ်ယဉ်ယဉ်အေး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အသင်းဝင်ဒေါ်ခင်မာဝင်းတို့က မူးယစ်ဆေးဝါးရောင်းချသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ လူမှောင်ခိုလူကုန်ကူးခံရနိုင်သည့်အခြေအနေ၊ ရွှေ့ပြောင်းသွားလာမှု လူမှောင်ခိုမှုတို့မှတစ်ဆင့် လူကုန်ကူးမှုဖြစ်ပေါ်လာပုံနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပါ ပြစ်ဒဏ်များအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၄၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)