မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ အခြေခံပညာမူလတန်းကျောင်းများတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပ

မြန်အောင် စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟော ပြောပွဲများကို အခြေခံပညာမူလတန်းကျောင်းများတွင်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က မြန်အောင်မြို့နယ် အ.မ.က မြို့မတဲကြီးကုန်းကျောင်းနှင့် မာလကာကုန်းကျောင်းတို့၌ ကျောင်းသား/ကျောင်းသူ(၂၇၁)ဦးတို့အား အသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အ.မ.က မြို့မတဲကြီးကုန်းကျောင်းတွင် ပြုလုပ်သော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲတွင် မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ အ.မ.က မြို့မတဲကြီးကုန်း၊အ.မ.က မြစ်ကျိုး၊ အ.မ.က မာလကာ ကုန်း၊ အ.မ.က ချင်းစု၊ အ.မ.က နလင်္သာ၊ အ.မ.က နတ်ပီတိ၊ အ.မ.က မကျီးစု၊ အ.မ.က မြို့မမြေနုကျွန်း၊ အ.မ.က ကျောက်တန်း၊ အ.မ.က မီးလောင်ကွင်းနှင့် အ.မ.က တယ်ကုန်း စုစုပေါင်း(၁၁) ကျောင်း အတွက် တစ်ကျောင်းလျင်  PPE level 2 ဝတ်စုံ(၅)စုံစီအား သက်ဆိုင်ရာ ကျောင်းအုပ် ကြီးများသို့မြို့နယ်ကြက်ခြေနီ အသင်းခွဲ အမှုဆောင် ဒေါ်ပြုံးမြင့် မှပေးအပ်ခဲ့ပြီး ကြံခင်းမြို့ နယ် ဘက်ရဲမြို့မှ ကြက်ခြေနီတပ်ခွဲမှူး ​ဒေါ်စန္ဒာဝင်းက ကျောင်းသား/ ကျောင်းသူများအား  ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လမ်းညွှန် သင်္ကေတဆိုင်းဘုတ်များဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် 

မြန်အောင် (ပြန်/ဆက်)