လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် စာဖတ်ရှိန်မြင့်တင်ရေး ဟောပြောပွဲဆောင်ရွက်

လားရှိုး စက်တင်ဘာလ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်  ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတရရှိ စေရေး အတွက်စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ လားရှိုးမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ဦးတည်ဆောင်ရွက်လျက်ရှိသည့် ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန် က လူငယ်များအနေဖြင့်    စာများများဖတ်ကြရန်၊ စာပေဖတ်ရှုခြင်းစတင်နိုင်ရန် အလေ့အကျင့်ကောင်းများနှင့် စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ဟောပြောဆွေးနွေးသည်။

အခမ်းအနားအပြီးတွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃)တွင် တက်ရောက်နေကြသည့် သင်တန်းသူများအား  လားရှိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာကြပြီး သုတ၊ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ စာစောင်များ ငှားရမ်းခဲ့ကြကြောင်း သိရသည်။

 စိုင်းထွန်း (လားရှိုး)