ဒဂုံ စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ လူဝင်လူထွက်များသော အစားအသောက် ရောင်းချသည့်ဆိုင်များနှင့်ဈေးဆိုင်၊ စတိုးဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူး၊ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများကအဖွဲ့များက ပိုစတာများ၊ လက်ကမ်းများ ကွင်းဆင်းဖြန့်ဝေပေးခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် လူမြင်သာသောနေရာများတွင် (လက်ဆေးပါ၊ Mask တပ်ပါ) ပိုစတာများချိတ်ဆွဲထားရှိရန်၊ ဆိုင်အတွင်းဝင်ရောက်ပါက Mask တပ်ဆင်ရန်၊ ဆိုင်ထိုင်စားသောက်ပါက သတ်မှတ်အကွာအဝေးများအတိုင်း ထားရှိပြင်ဆင်စားသောက်ရန်၊ ဆိုင်အဝင်အဝများတွင် လက်ဆေးကန်များ ထားရှိအသုံးပြုစေရန်၊ ရေမလိုလက်သန့်ဆေးများ အလုံအလောက်ချထားသုံးစွဲစေရန်၊ စျေးဝယ်လာရောက်သူများအား Mask တပ်ဆင်စေခြင်း၊ အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်(သို့) Hand Jel ဖြင့် လက်ဆေးပြီးမှ ဝင်ရောက်ရန်နှင့်စားသောက်ဆိုင်များ၏ စားပွဲထိုင်ခုံများအား သတ်မှတ်အကွာအဝေးအတိုင်း ခင်းကျင်းရောင်းချစေရေးတို့အား လိုက်နာဆောင်ရွက်ကြရန်စသည့်အချက်များ လိုက်နာဆောင်ရွက်ထားရှိစေရေးအတွက် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်