ဒဂုံအရှေ့ စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ က ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေအတွက် ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၃)ရပ်ကွက်ရှိ မာဂဓီသာစည်ဘုန်းတော်ကြီးသင် ပညာရေးမူလတန်းလွန်ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန် က ကျောင်းသူကျောင်းသားများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာ စာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဆွေးနွေးပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ခင်းကျင်းထားသော စာအုပ်စာစောင်များကို ကျောင်းသားကျောင်းသူများက စိတ်ကြိုက်ရွေးချယ် ဖတ်ရှုခြင်းများနှင့် ငှားရမ်းပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ကျောင်းသူကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ဗဟုသုတဖြစ်စေမည့် သုတစာအုပ်များ၊ ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များအစရှိသည့် အသိပညာတိုးပွားရေး စာအုပ်စာပေများ ခင်းကျင်းပြသခြင်း၊ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းတို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး၊ ကိုဗစ်-၁၉ ကာကွယ်ရေး စသည့်အသိပညာပေးနံရံကပ်စာစောင်များတို့ကို ပြသရာ ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)