ထန်းတပင် စက်တင်ဘာ ၂၂
ဒေသတွင်းစားသုံးဆီဖူလုံမှုရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်း က နေကြာသီးနှံစိုက်ပျိုးရေး တောင်သူပညာပေးဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ယင်းတင်ကျေးရွာနှင့် ရေပေါ်သောင်ကျေးရွာ (၂)ရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေကြာသီးနှံစိုက်ပျိုးရေးတောင်သူပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအကြောင်းအရာများ ဆွေးနွေးခြင်းနှင့် နေကြာသီးနှံကို စားသုံးဆီလုံလောက်စွာရရှိနိုင်ရေးအတွက် လျာထားဧကပြည့်မီအောင်စိုက်ပျိုးနိုင်ရေးတို့ကို ရှင်းလင်းအမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနမှဆောင်ရွက်ပေးနေသည့် လုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုနှင့် စိုက်ပျိုးရေးဝန်ထမ်းများက နေကြာသီးနှံစိုက်ပျိုးရေးနည်းစနစ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကာ နေကြာသီးနှံစိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရပြီး တက်ရောက်လာကြသည့် ဒေသခံတောင်သူများက မိမိတို့သိရှိလိုသည့် နေကြာသီးနှံစိုက်ပျိုးရေး အကြောင်းအရာများကို မေးမြန်းခဲ့ကြရာတာဝန်ရှိသူများက ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)