ထန်းတပင်မြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ဆောင်ရွက်ရန် စီမံကိန်းရန်ပုံငွေပေးအပ်

ထန်းတပင်  စက်တင်ဘာ  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို  ရေဖြူကျေးရွာအုပ်စု၊ ယင်းတင်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်း က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေးအတွက် အဆိုပါကျေးရွာတွင် စီမံကိန်းရန်ပုံငွေပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ထန်းတပင်မြို့နယ်အတွင်း ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကိုမြို့နယ်အတွင်းရှိ ရေဖြူကျေးရွာအုပ်စု၊ ယင်းတင်ကျေးရွာနှင့် ဓါတ်တော်ကုန်းကျေးရွာအုပ်စု၊ အထက်ဓါတ်တော်ကုန်းကျေးရွာနှစ်ရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းရန်ပုံငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးခြင်းနှင့်ရရှိလာသော ရန်ပုံငွေများကို ကျေးရွာဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုသွားနိုင်ရေး အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုနှင့် လက်ထောက်ဦးစီးမှူး ဒေါ်အေးအေးမြတို့က စီမံကိန်းလုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ က ကျေးရွာသစ်စီမံကိန်းဆောင်ရွက်သွားမည့် ရေဖြူကျေးရွာအုပ်စု၊ ယင်းတင်ကျေးရွာရှိ ကျေးရွာတာဝန်ရှိသူများထံသို့ စီမံကိန်းရန်ပုံငွေကျပ် သိန်း(၃၀၀)ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)