ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်တင် ဆက်လက်ဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းဆွေးနွေး

နောင်ချို    စက်တင်ဘာလ ၁၆ ရက်

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး   အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် နောင်ချိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းမှ နောင်ချိုမြို့အဝင် စစ်ဆေးရေးဂိတ် ပြုလုပ်ခြင်းနှင့် ပတ်သက်၍ မိမိတို့မြို့သည် မန္တလေး-လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိသည့်အတွက် ကုန်ပစ္စည်း များ တင်ဆောင်လာသည့်ကားများ မြို့နယ်အတွင်း ဖြတ်သန်းသွားလာရာတွင် မြို့အတွင်းရှိ စားသောက်ဆိုင်နှင့် ဈေးများတွင် အခြားမြို့မှ လာရောက် စားသောက်ရာနှင့် ဈေးအတွင်းကုန်ပစ္စည်းများ လာရောက်ရောင်းချရာတွင် မိမိတို့မြို့အတွက် ယိုပေါက်တစ်ခု ဖြစ်နိုင်ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း မိမိရပ်ကွက်၊ ကျေးရွာတွင်းသို့ ပြန်လည်ဝင်ရောက်လာပါက မည်သည့်နေရာမှ လာသည်ဖြစ်စေ Quarantine ဝင်ရောက်ကြရန်နှင့် Quarantine Centre ကိုလဲ အထက(၁)တွင် ထပ်မံ၍  ဖွင့်လှစ်ထားရှိကြောင်းကို ပြောကြားခဲ့သည်။ 

ယင်းနောက် နောင်ချိုမြို့ဈေးသည်များအား တစ်ဝက်ဖွင့်၊ တစ်ဝက်ပိတ်စနစ်ဖြင့် ပြုလုပ်နေကြောင်း၊ ဆက်လက်၍ ကျေးလက်ဈေးများအား ပြန်ပိတ်သင့်/ မသင့်နှင့် စားသောက်ဆိုင် များအား ပါဆယ်စနစ်ဖြင့် ရောင်းချသင့်/မသင့်ကို ဆွေးနွေးခဲ့ပြီး၊ မြို့နယ်ဆရာဝန်ကြီးက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပေးညွှန်ကြားချက်များ ထုတ်ထားသော်လဲ လိုက်နာခြင်းမရှိသည့်အတွက် ပြည်သူများ၏ ကျန်းမာရေးအတွက် စိုးရိမ်ရကြောင်း အသီးသီး ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

 

ထွေးငယ်၊နောင်ချိုပြန်/ဆက်