ဒလ စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၂ ခုနစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကုမုဒြာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သတင်းရရှိသည်။
ရှေးဦးစွာ အ.ထ.က (၂)ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဂုဏ်ပြုသီဆိုကြပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစည်သူကျော် က အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၂) ဦးရွှေလှိုင်မှ အမှာစကားပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေး က ဆုချီးမြှင့်ပွဲကျင်းပရခြင်း အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆုများကိုချီးမြှင့်ရာတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော (၄) ဘာသာဂုဏ်ထူးရှင် (၂)ဦးနှင့် (၃)ဘာသာဂုဏ်ထူးရှင် (၁) ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစည်သူကျော်မှ လည်းကောင်း၊ (၂) ဘာသာဂုဏ်ထူးရှင် (၇)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၂) ဦးရွှေလှိုင် မှလည်းကောင်း၊ (၁)ဘာသာ ဂုဏ်ထူးရှင်များအား မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများမှ လည်းကောင်း၊ ပညာ ကျန်းမာဖောင်ဒေရှင်းဥက္ကဋ္ဌမှ လည်းကောင်၊ မြန်မာစာဂုဏ်ထူးရှင် (၂) ဦးအား မြိုနယ်ပညာရေးမှူးမှ လည်းကောင်း ဂုဏ်ပြုဆုငွေ၊ ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး အထကခွဲ ခနောင်ချောင်းဝကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အလှကမ္ဘာမြေသီချင်းဖြင့် လည်းကောင်း၊ အထက (ရခိုင်ချောင်) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မင်္ဂလာပါသီချင်းဖြင့် လည်းကောင်း၊ အ.ထ.က (၂) ဒလမှ ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဂုဏ်ပြု ဖျော်ဖြေခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဆင့် ဖိတ်ကြားထားသူများ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြပြီး၊ ဒလမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းတွင်းနှင့်ပြင်ပ ဖြေဆိုသူ (၇၅၃)ဦးတွင် အောင်မြင်သူ (၂၉၀)ဦး ရှိရာ လေးဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၇)ဦး၊ မြန်မာစာဂုဏ်ထူးရှင် (၂)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၇၈)ဦး စုစုပေါင်း ဂုဏ်ထူးဖြင့် အောင်မြင်သူ (၉၀)ဦး၊ ရိုးရိုးအောင်မြင်သူ (၂၀၀)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
သီတာဝင်း (ပြန်/ဆက်)