မြင်းခြံ စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆားခါးကျေးရွာ၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
“ယခုလို ကျွန်တော်တို့ရွာရောက် ဈေးနှုန်းသက်သာစွာ ဆန်၊ ဆီ၊ ကြက်ဥတို့ကို လာရောက် ရောင်းချပေးတဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဆီဆိုလျှင် ပြင်ပ ရောင်းဈေးနှင့် တစ်ဝက်ခန့်လျှော့ပြီး ရောင်းချပေးတဲ့အတွက် ကျွန်တော်တို့ အခြေခံ လူတန်းစားတွေအတွက် အရမ်းအဆင်ပြေပါတယ်” ဟု ဆားခါးကျေးရွာနေ ပြည်သူတစ်ဦးက ပြောသည်။
မြင်းခြံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက် ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥတို့ကို ဆန်တစ်ပြည်လျှင် (၁၆၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၅၁၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၁၇၀) ကျပ်တို့ဖြင့် ရောင်းချပေးခဲ့ကြသည်။
“ကျွန်တော်တို့ ကျေးရွာနေပြည်သူများ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်း ဖြင့် ဝယ်ယူနိုင်ရေး ကျေးရွာများအရောက် ရောင်းချပေးလျက်ရှိပါတယ်။ ဆက်လက်ပြီး တော့လည်း ပြည်သူများ သက်သာချောင်ချိရေးအတွက် သက်သာသောဈေးနှုန်းများဖြင့် အခြေခံ စားသောက်ကုန်များ ရောင်းချပေးသွားမည်ဖြစ်ကြောင်း” ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်းက ပြောသာ်။
အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆန် (၁) ပြည်၊ ဆီ (၁) ပိဿ၊ ကြက်ဥ (၁၀) လုံးတို့ကို ရောင်းချပေးခဲ့ပြီး ယခုလို အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချခြင်းကို ကျေးရွာများအရောက် ဆက်လက် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)