ပုဗ္ဗသီရိ စက်တင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးလုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရန်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများအား Hand Speaker နှင့်အပူချိန်တိုင်းကိရိယာများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် “မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍အရှိန်အဟုန်မြှင့် ဆောင်ရွက်သွား ကြရန်၊ နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်စပ်လျဉ်း၍ ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက် များအား ပြည်သူများအချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်အတွက် လိုက်လံနှိုးဆော် ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအား စနစ်တကျလိုက်နာ ကြရန်လိုအပ်ကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူတို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရန် အတွက် မြို့နယ်အတွင်းရှိ ၁၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၈ အုပ်စုအတွက် Hand Speaker နှင့်အပူချိန်တိုင်း ကိရိယာများ အား ရပ်/ကျေးစာရေးများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်းနောက် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဝန်ထမ်းများနေထိုင် စားသောက်မှုအဆင်ပြေ စေရန် အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား အခြေခံစားသောက် ကုန် များဖြစ်သည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ကုလားပဲနှင့် အာလူးခြောက်များကို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ကံချွန်(ပြန်/ဆက်)