မောက်မယ်မြို့နယ်၌ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ် သရုပ်ပြသခြင်းဆောင်ရွက်

မောက်မယ် စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သော ရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအား စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မီးလောင်မှုမီးလန့်မှုဖြစ်ပွားပါက လက်တွေ့မီးငြိမ်းသတ် သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါအထက်တန်းကျောင်း နှင်းဆီဆောင်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်က မီးဖြစ်စေတတ်သည့် အခြေခံအချက်(၃)ချက်၊ အခြေခံမီးငြိမ်းသတ်နည်း(၃)နည်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးလောင်ကျွမ်းမှု၊ မီးလန့်မှုများဖြစ်ပွားလာပါက အရေးပေါ်မီးငြိမ်းသတ်နိုင်ရန်အတွက် DCP မီးသတ်ဆေးဗူးကိုင်သွယ်အသုံးပြုပုံ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရန်ရှောင်ရန် အချက်အလက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များနှင့် နည်းပညာများကို အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်ပြီး ကျောင်းဝန်းအတွင်း၌ ရေတွင်းအသက်ကယ်နည်း၊ DCP မီးသတ်ဆေးဗူးဖြင့်မီး ငြိမ်းသတ်နည်း၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကျောင်းသားကျောင်းသူများ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်ပုံစံများကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြိမ်းသတ်သရုပ်ပြသခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)